ပြည်ပပြန်ထွက်မည့် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

ပြည်ပပြန်ထွက်မည့် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

စစ်သားသစ် လိုနေသည့် စစ်ကောင်စီက ပြည်ပမှ ပြန်လာသူများကို ပြန်ထွက်ခွင့် ကန့်သတ်လာရာ အလုပ်သမားအများအပြား ရန်ကုန်လေဆိပ်ရောက်ပြီးမှ ခရီးထွက်ခွင့် ပိတ်ပင်ခံလိုက်ရသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာသူများကို စစ်ကောင်စီက ပြည်ပပြန်ထွက်ခွင့် ပိတ်လိုက်ခြင်းကြောင့် ယနေ့ (ဩဂုတ် ၁) တွင် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ပြန်လှည့်လာရကြောင်း စုံစမ်းသိရှိရသည်။

 

စစ်မှုထမ်းခြင်းကို ရှောင်ရှားသည်ဟု သံသယရှိသဖြင့် စစ်ကောင်စီက ထိုသို့ ပိတ်ပင်ခြင်း ဖြစ်သည်ဟု သိရကြောင်း၊ တစ်ဦးချင်းခရီးသွားမှုကို ကန့်သတ်မည်ဟု သိရသော်လည်း အေဂျင်စီများနှင့် ချိတ်ဆက်သွားလာသူများပါ ကန့်သတ်ခံနေရခြင်း ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောသည်။

ရန်ကုန်လေဆိပ်တွင် ယနေ့ လေယာဉ်ပေါ် တက်ခွင့်မရလိုက်သူ အလုပ်သမား ၄၀ ကျော်သည် အေဂျင်စီ ၅ ခုနှင့် ချိတ်ဆက်လုပ်ကိုင်နေသူများ ဖြစ်သည်ဟု ထိုဖြစ်စဉ်ကို သိသည့် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဂျပန်အပါအဝင် အခြားပြည်ပနိုင်ငံအသီးသီးသို့ တိုက်ရိုက်လေကြောင်း၊ တစ်ဆင့်ခံလေကြောင်းများဖြင့် သွားရောက်မည့် အလုပ်သမားများ လေယာဉ်လက်မှတ် ဆုံးရှုံးသွားကြကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် နောက်တစ်ဦးကလည်း Myanmar Now ကို ပြောသည်။

One Stop Service ခေါ် တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနတွင် အထောက်အထားလက်မှတ် လျှောက်ထားခဲ့သူများ ပြည်ပထွက်ခွင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“သူတို့ (စစ်တပ်) မြင်တာက စစ်မှုမထမ်းချင်လို့ ထွက်တဲ့ကလေးတွေ ပါတယ်ဆိုပြီး သံသယရှိပုံရပြီးတော့ One Stop Service နဲ့ လျှောက်ထားတဲ့လူတွေအကုန်လုံး ပိတ်တယ်ဆိုပြီး စပိတ်ပစ်လိုက်တော့၊ အကုန်လုံးအေဂျင်စီတွေကနေ One Stop Service နဲ့ လွှတ်တဲ့သူတွေမှန်သမျှ အကုန်လုံးပိတ်မိနေတယ်” ဟု ၎င်းက ပြောသည်။

အေဂျင်စီနှင့် မချိတ်ဆက်သည့် အလုပ်သမားများ ပြည်ပပြန်ထွက်မည်ဆိုပါက စစ်ကောင်စီ ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရရှိပြီးမှသာ ထွက်ခွာခွင့်ရှိသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက OWIC ကတ်ထုတ်ပေးခြင်းဖြစ်ပြီး အခွန်ပေးဆောင်ထားမှု၊ အလုပ်လုပ်ခွင့်ပါမစ်နှင့် လိုအပ်သည့် အထောက်ထားများ ပြသနိုင်သူကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးတွင် One Stop Service ဖြင့် ထုတ်ပေးခြင်းဖြစ်သည်။

ထို့အတူ အေဂျင်စီများနှင့် ချိတ်ဆက်ထားသည့် အလုပ်သမားများကိုလည်း ပြည်ပပြန်ထွက်မည်ဆိုပါက အေဂျင်စီနှင့် အလုပ်သမားဝန်ကြီးဌာနကြား ထွက်ခွာခွင့်စိစစ်သည့် One Stop Service စနစ်လည်းရှိသည်၊ ယနေ့ပိတ်ပင်မှုတွင် စနစ်နှစ်ခုစလုံးမှ အလုပ်သမားများပိတ်မိနေခြင်းဖြစ်သည်ဟု အထက်ပါ အေဂျင်စီလုပ်ငန်းရှင်က ပြောသည်။

ယခုအခြေအနေများကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ အသေးစိတ်ဆွေးနွေးမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ဝင်ရှင်းလို့မရဘူး။ ဝန်ကြီးအချင်းချင်း တွေ့ပြီးမှ စကားပြောရမယ့်အခြေအနေရောက်နေတယ်။ SB က (သတင်းရဲတပ်ဖွဲ့က) လှမ်းပိတ်ထားတယ်။ လေယာဉ်တက်မယ့် ကလေးတွေ အကုန်ဒုက္ခရောက်ပြီး တရားဝင်အေဂျင်စီနဲ့သွားမယ့်ကလေးတွေပါ ဒုက္ခရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပပြန်ထွက်မည့် အလုပ်သမားများ ကန့်သတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေးရှိသဖြင့် ဖြေဆိုရန် အချိန်မရှိသေးဟုသာ တုံ့ပြန်သည်။

၂၀၂၁ တွင် အကြမ်းဖက် အာဏာသိမ်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြသဖြင့် စစ်သည်အင်အား အကြီးအကျယ် လိုအပ်လာနေသည့် စစ်ကောင်စီက အသက် ၃၅ နှစ်အောက် အမျိုးသားများ၊ ၂၇ နှစ်အောက် အမျိုးသမီးများ စစ်ထဲဝင်ရမည်ဟု အမိန့်ထုတ်ထားသည်။

ထိုအစီအစဉ် စတင်ကတည်းက စစ်သားသစ် စုဆောင်းရန် ခက်ခဲနေသည့် စစ်ကောင်စီက ပြည်ပထွက်အလုပ်လုပ်မည့်​ အမျိုးသားများကို အသက်အရွယ်အပိုင်းအခြားဖြင့် ကန့်သတ်ထားသလို ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသူများကိုလည်း နည်းမျိုးစုံဖြင့် တင်းကျပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ တွင် ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်ဖြင့် အလုပ်လုပ်နေသည့် အလုပ်သမားများကို လေးနှစ်ပြည့်၍ ပြည်တွင်းပြန်လာပြီး MoU U-Turn စနစ်ဖြင့် သက်တမ်းတိုးရာတွင် မိသားစုထံ တရားဝင်ဘဏ်စာရင်းမှ ငွေလွှဲသည့် အထောက်အထားပြသရမည်ဟူသော စည်းကမ်းချက်အသစ် ထပ်တိုးထားသည်။

ထိုင်းရောက် အလုပ်သမားတစ်ဦးအနေဖြင့် အခြေခံလစာ ၃ လစာအတွက် ခန့်မှန်း ထိုင်းဘတ်ငွေ (၂၄,၀၀၀) ၏ ၂၅ ရာခိုင်နှုန်း ဘတ် ၆,၀၀၀ (ကျပ် ငါးသိန်းခွဲခန့်) ကို လွှဲပြောင်းထားကြောင်း အထောက်ထားပြသနိုင်မှသာ ဆက်လက်အလုပ်လုပ်ခွင့်ပြုမည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အလုပ်သမားအများအပြားက ဘဏ်စနစ် မသုံးဘဲ ဟွန်ဒီစနစ်ဖြင့်သာ ငွေလွှဲနေကြသည်။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ တာယာစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ဘဏ်ကို အသုံးပြုရန် ကျင့်သားမရသေးကြောင်း ပြောသည်။

“ဘဏ်တွေကို သွားလွှဲဖို့ အဆင်မပြေဘူး။ စကားလည်း မတတ်ဘူး။ သွားလွှဲဖို့ အချိန်လည်းမပေးနိုင်ဘူး” ဟု ၎င်းက ပြောသည်။

၄ နှစ်သက်တမ်းကုန်၍ အထောက်အထားလက်မှတ်များ သက်တမ်းတိုးရမည့် အချိန်တွင် ပြည်တွင်းမပြန်တော့ဘဲ တရားမဝင်အလုပ်သမားအဖြစ် နေထိုင်ကာ အလုပ်ဆက်လက်လုပ်ကိုင်သူများရှိကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးကို မကူညီဘဲ ၎င်းတို့လုပ်အား ချွေးနှဲစာကို ဖြတ်ယူနေခြင်းသည် မတရားသဖြင့် ကုပ်သွေးစုပ်နေခြင်းဖြစ်သည်ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမိုးကျော်က ပြောသည်။

“ခေတ်ကလည်း ကျပ်နေတယ်။ စနစ်ကလည်း မကောင်းဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဘာတစ်ခုမှ သူတို့လုပ်မပေးနိုင်ဘူး။ အလုပ်သမားတွေရဲ့ နစ်နာမှုဆိုင်ရာအခွင့်အရေးတွေ၊ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ မိသားစုတွေရဲ့ ဝန်ဖိအားတွေ အလုပ်သမားတွေရဲ့ တရားဝင်မှုဆိုင်ရာ ကိစ္စတွေမှာ ဈေးကြီးကြီးပေးပြီး လုပ်နေရတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီ၏ တင်းကျပ်မှုကြောင့် တရားဝင် MoU အလုပ်သမားများသည် တရားမဝင်နေထိုင်သည့် အလုပ်သမားများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *