ဆားလင်းကြီးမြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါ စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို တော်လှန်ရေးအဖွဲ့ ၂၀ ကျော် ဝင်ရောက်တိုက်ခိုက်…
ဇူလိုင် ၂၀ ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးတပ် ၂၀ ကျော် ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ Chindwin Dynamite ( Salingyi)အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းကစလို့ ဆားလင်းကြီးမြို့နယ်ထဲက ထွေအုပ်ရုံး၊ ရဲစခန်း၊ ဆေးရုံဝန်းနဲ့ မင်းကန်ကြီးဘုန်းကြီးကျောင်းတို့မှာ တပ်စွဲဲနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးစိန်ပြောင်းတွေအပါအဝင် လက်နက်ငယ်တွေ ၊ ဒရုန်းတွေနဲ့ သွားရောက်ပိတ်ဆို့တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့နေရာတွေဆီကို တော်လှန်ရေးတပ်တွေက Fixed Wings Drone တွေ သုံးကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ကနေလည်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ စိန်ပြောင်းတွေနဲ့ အဖူးရေ ၁၀၀ ကျော် ပစ်ကူပေးခဲ့ရာ စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့ ဘန်ကာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဆားလင်းကြီး ဆေးရုံရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအဖွဲ့က လက်နက်ငယ်သမားတွေ ထိတွေ့တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီဘက်က စခန်းချရာဆေးရုံထဲအထိ ပြန်လည် ဆုတ်ခွာထွက်ပြေးပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး နေ့လယ်ပိုင်းမှာလည်း မင်းကန်ကြီးဘုန်းကြီးကျောင်းနားမှာ နေရာယူထားတဲ့ စစ်တပ်ဘန်ကာကို တော်လှန်ရေးအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
Chindwin Dynamite ( Salingyi) အဖွဲ့ရဲ့အဆိုအရ အဲ့ဒီနေ့ တစ်နေ့လုံးမှာ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု များနိုင်သလို တော်လှန်ရေးရဲဘော် ၁ ယောက်လည်းကျဆုံးပြီး နှစ်ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဆားလင်းကြီးမြို့ပေါ်တိုက်ပွဲကို Chindwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) နဲ့အတူ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ(၃) တပ်စိတ်(၁) ၊ 5/Fighter (Monywa) ၊ Fighter Nine Force (Salingyi) ၊ SPDF (Salingy)၊ မျက်လုံးစစ်ကြောင်း၊ သေမင်းတမန်အဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့၊ အာဏာရှင်တော်လှန်ရေးအဖွဲ့၊ SRA အောင်ကြီးအဖွဲ့၊ ဖီးနစ်အဖွဲ့၊ ဒေါင်းတမာန်အဖွဲ့၊ နောင်ကြီးအဖွဲ့၊ CDF၊ ဗိုလ်ယက္ခ၊ Under Groundအဖွဲ့၊ အာဠာဝကအဖွဲ့၊ ပ.လ.ဖ၊ သံမဏိမြွေပွေး နဲ့ မုံရွာခရိုင်တပ်ရင်း(၂၇) Black Dragon Drone အဖွဲ့ထဲက Brave Heart Army(BHA)နဲ့ Chindwin Fighter Group(C.F.G)တို့က စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – Chindwin Dynamite အဖွဲ့နဲ့ ပူးပေါင်းတပ်ရဲဘော်တွေ ချင်းတွင်းမြစ်ထဲ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နေစဥ် (ပုံဟောင်း)
CRD