မိုးမောက်မြို့နယ်တွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့သော ခမရ ၄၃၇ ကို KIA တပ်များက နယ်မြေရှင်းလင်း
ဩဂုတ် ၂၀ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ခမရ ၄၃၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ကြောင်း အဆိုပါ တိုက်ပွဲတွင် ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်း အရာရှိက ဝန်ခံထွက်ဆိုလိုက်ပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက် ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လနီးပါးကြာမြင့်လာချိန်
ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါတပ်စခန်းတွင် အင်အား ၇၀၀ ကျော် တပ်စွဲထားခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးကာ၊ ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းအရာရှိက ထွက်ဆိုလာကြောင်း သိရှိရသည်။
“မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုက ၃၀၀ ကျော်သေတယ်။ ၄၀၀ ဝန်းကျင်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားတယ်လို့ ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်း အရာရှိက ဝန်ခံထွက်ဆိုပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ခမရ ၄၃၇ တပ်စခန်းသိမ်းတိုက်ပွဲတွင် သံချပ်ကာ ကားတစ်စီး အပါ အဝင် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်း၊ ရရှိထားသော လက်နက်ခဲယမ်းများကို သယ်ထုတ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်တွင် ခမရ ၄၃၇ ကို ယနေ့ သိမ်းပိုက်လိုက်ပြီးနောက် မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
crd