ငါတို့မြို့ငါတို့ပြန်ယူကြမှာ…ဒီပဲယင်း

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက် ၂၂ လက်၊ ခဲယမ်းမျိုးစုံ နှင့်ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရရှိ၊ တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး
ဩဂုတ် ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ကာ လက် နက် ၂၂ လက်၊ ခဲယမ်းမျိုးစုံ နှင့်ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန်မှ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်အကြာ တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအောင်ဟိန်းဦး ဦးစီးသော ခမရ ၇၀၄ နှင့် ၇၀၈၊ ရဲ နှင့် ပျူစောထီးများ အပါ အဝင် စုစုပေါင်း ပူးပေါင်းအင်အား ၇၉ ဦး အခြေပြုနေထိုင်သော ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်အတွက် ရေဦးမြို့မှ စစ်ကူဝင်ရောက်လာသော အင်အား ၆၀ ခန့်ပါ ခလရ ၈၉ စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်များက အောင်မြင်စွာ ဖြတ်တောက် ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသွားခဲ့ကြကြောင်း၊ ပျူစောထီး ၂ ဦး လက်နက်ချအလင်းဝင်ပြီး Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄၉၀၀ ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ၈ ခုနှင့် ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မြို့သိမ်းတိုက်ပွဲပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မြို့ပတ်ပတ်လည်သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် စစ်ရဟတ်ယာဉ်ဖြင့် အင်အား ၁၀၀ ကျော် စစ်ကူချထားပေးသဖြင့် တော်လှန်ရေးတပ်များက ဒီပဲယင်းမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ ၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့ အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုံပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *