စစ်ကောင်စီတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသဖြင့် စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းသူများ၊ သွင်း ကုန်သမားများကို ဒေါ်လာ ရောင်းချမပေးနိုင်၊

စစ်ကောင်စီတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသဖြင့် စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းသူများ၊ သွင်း ကုန်သမားများကို ဒေါ်လာ ရောင်းချမပေးနိုင်၊

စစ်ကောင်စီတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသဖြင့် စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းသူများ၊ သွင်း ကုန်သမားများကို ဒေါ်လာ ရောင်းချမပေးနိုင်၊ ဒေါ်လာလိုအပ်ချက် အလွန်ကြီးမားစွာ ဖြစ်ပေါ်နေ၍ စျေးနှုန်းများ စံချိန်တင် ထပ်မံမြင့်တက်နိုင်
ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၄၅၀ ဖြင့် စျေးပိတ်ခဲ့
ဩဂုတ် ၁၃
အကြမ်းဖက်စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီ တင်သွင်းသူများအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာရောင်းချမပေးနိုင်သဖြင့် ဒေါ်လာလိုအပ်ချက်အလွန်ကြီးမား ဒေါ်လာစျေးနှုန်း စံချိန်မြင့်တက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတချို့က ပြောဆိုသည်။
လတ်တလော စစ်ကောင်စီက စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်များထံသို့ အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေးထက် သက်သာသော ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးနိုင်မှု မရှိတော့ကြောင်း၊ ပြင်ပစျေးကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်ကျော်အထိ စျေးနှုန်းများမြင့်တက်နေသဖြင့် ဆီတင်သွင်းသူများအနေဖြင့် ဒေါ်လာဝယ်ယူရန် အခက်အခဲများကြုံနေရကြောင်း၊ အထူးသဖြင့် ပြင်ပစျေးကွက်ဖြင့် ဒေါ်လာဝယ်ယူရသော်လည်း စက်သုံးဆီစျေးနှုန်းကိုမူ ပြင်ပဒေါ်လာစျေးနှုန်းဖြင့် တွက်ချက် စျေးနှုန်းသတ်မှတ်ခွင့်မရခြင်းကြောင့် ဖြစ်ကြောင်း ဆီတင်သွင်းသူတချို့ထံမှ သိရှိရသည်။
” အခု ဆီတင်သွင်းဖို့ ဒေါ်လာကို ဗဟိုဘဏ်ဘက်က မရောင်းပေးနိုင်ဘူး။ ဆီသမားတွေက အပြင်က ရှာဝယ်ပြီး ဆီတင်သွင်းလို့ရပါတယ်။ ဒါပေမယ့် ဆီစျေးကိုကျတော့ ဗဟိုဘဏ် သတ်မှတ်တဲ့ ဒေါ်လာစျေးနှုန်းနဲ့ပဲ တွက်ချက်ပြီး စျေးနှုန်း သတ်မှတ်ပေးတော့ တင်သွင်းသူတွေအတွက် ဘယ်လိုမှမကိုက်တော့ဘူး။ အကြီးအကျယ်ရှုံးမှာပေါ့။ အဲဒီတော့ ဆီတွေ မသွင်းနိုင်ဘူး။ ဆီက ငွေရှိရင် အချိန်မရွေးတင်သွင်းလို့ရတယ်။ အခုက ဒေါ်လာမရှိတော့ ဆီပြတ်သလောက်ဖြစ်နေပြီ။ ရှိတာလေးကို မျှတပြီး ရောင်းပေးနေကြတာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ဒေါ်လာရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာ အလုပ်သမားများ၏ ပြည်ပမှ ပြန်လည်ပေးပို့ငွေနှင့် ပို့ကုန်ရငွေ နိုင်ငံခြားဒေါ်လာများကို စစ်ကောင်စီက အပြည့်အ၀ ရရှိရေး နည်းလမ်း ရှာလျက်ရှိကြောင်း၊ လစဉ် စက်သုံးဆီ၊ စားအုန်းဆီအပါအဝင် သွင်းကုန်များတင်သွင်းရန် အမေရိကန်ဒေါ်လာ လိုအပ်ချက်မှာ​ဒေါ်လာ သန်း ၃၀၀ နီးပါးရှိကြောင်း သိရှိရသည်။
“အခု ဒေါ်လာရဖို့ နည်းလမ်းတွေ ရှာနေကြတယ်။ ပြည်ပ အလုပ်သမားတွေဆီက နိုင်ငံခြားငွေကို ပြင်ပပေါက်စျေး တစ်ဒေါ်လာ ၆၀၀၀ ကျပ်နဲ့ ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် မြန်မာပြည်တွင်း ပြန်ဝင်လာဖို့ လုပ်ဆောင်ဖို့ တင်ပြတာရှိတယ်။ အဲဒါက နည်းလမ်းတစ်ခု။ နောက် နည်းလမ်းတစ်ခုက ပို့ကုန်ရငွေကို ၂၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၆၀၀၀ ကျပ်နဲ့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ၆၅၀၀ ကျပ်နဲ့ ငွေလဲပေးဖို့ တင်ပြတာလည်းရှိတယ်။ တစ်လ ပြည်တွင်းမှာ သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ လိုအပ်ချက်က ဒေါ်လာ သန်း ၃၀၀ လောက်ရှိတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့ ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများကို လစာ သုံးသောင်း ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ တိုးမြှင့်ကြောင်း ကြေညာခဲ့ပြီးနောက် ဒေါ်လာစျေးနှုန်းများ စတင်လှုပ်ရှားလာခဲ့ကြောင်း၊ ယင်းနောက် တရှိန်ထိုး ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ရာမှ နောက်ဆုံးတွင် တစ်ဒေါ်လာလျှင် ၆၄၅၀ ကျပ်အထိပါ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“လစာတိုးတယ်လို့ မကြေညာခင် ဇူလိုင်လ ၂၆ ရက်နေ့မတိုင်ခင်က တစ်ဒေါ်လာ ၅၀၀၀ နဲ့ ၄၅၀၀ အကြားမှာ အတက်အကျ လေးရှိပြီး ငြိမ်သေးတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ဒေါ်လာစျေးက ထိန်းမနိုင် သိမ်းမရ ဖြစ်လာတာ။ ဇူလိုင်လ ၂၈ ရက်နေ့ တစ်ဒေါ်လာကို ၅၁၅၀ ကျပ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ တစ်ဒေါ်လာကို ၅၂၃၀ ကျပ် အဲဒီလို တစ်နေ့တစ်ခြား တအိအိကို တက်လာတာ။ စျေးတက်ပေမယ့်လည်း ဝယ်တဲ့သူက စျေးကွက်ထဲမှာ ရသမျှ အကုန်သိမ်းဝယ်တယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာစျေးနှုန်းအပြောင်းအလဲများကို လေ့လာကြည့်မည်ဆိုလျှင် ဇူလိုင်လ ၂၇ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၀၃၀ ကျပ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၃၅၀ ကျပ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျပ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ၅၅၈၀ ကျပ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ၅၇၅၀ ကျပ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ၆၀၀၀ ကျပ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ၆၁၀၀ ကျပ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၅၀ ကျပ်အထိ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *