နှစ်သောင်း တန်ငွေစက္ကူတွေ ပြည်သူတွေ လက်ထဲရောက်ရှိ ပျံနှံလာပြီ

နှစ်သောင်း တန်ငွေစက္ကူတွေ ပြည်သူတွေ လက်ထဲရောက်ရှိ ပျံနှံလာပြီ

စစ်ကောင်စီက ယမန်နှစ် အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေသည်ဟု ကြေညာခဲ့သော နှစ်သောင်းတန်ငွေစက္ကူအသစ်များ ပြည်သူများအကြားတွင် ပမာဏ များစွာဖြင့် လည်ပတ် ပြန့်နှံ့လာ
ရန်ကုန်၊ ဇူလိုင် ၃၁
အကြမ်းဖက် စစ်ကောင်စီက ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့သည်ဆိုသော နှစ်သောင်းတန်ငွေစက္ကူအသစ်များ ပြည်သူများအကြားတွင် ပမာဏ အရေအတွက်များစွာဖြင့် လည်ပတ် ပြန့်နှံ့လာကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနှင့် ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ငွေကျပ် နှစ်သောင်းတန်များကို ထုတ်ဝေခဲ့ကြောင်း၊ ငွေကျပ် နှစ်သောင်းတန်များကို ပမာဏ အများအပြား အလုံးအရင်းဖြင့် ရိုက်နှိပ်ခဲ့သော်လည်း ပြည်သူများအကြား ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နိုင်သည့် အခြေအနေများကြောင့် စစ်ကောင်စီက ပမာဏ အများအပြားဖြင့် အလုံးအရင်း ဖြန့်ဝေခြင်းမပြုခဲ့ကြောင်း၊ သို့ရာတွင် တဖြည်းဖြည်း ပုံစံမျိုးဖြင့် စစ်ကောင်စီက ငွေစက္ကူနှစ်သောင်းတန်များကို ဖြန့်ဝေလျက်ရှိရာ ယခုအခါ လူထုအကြားတွင် ငွေစက္ကူအသစ် နှစ်သောင်းတန်များ ပမာဏ အများအပြား ပြန့်နှံ့လာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့်ဆူးလေဘုရားလမ်းထောင့်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုဘဏ်ခွဲ ၃ တွင် ငွေထုတ်ခဲ့သော ငွေစုသူ ပြည်သူ ၁ ဦးက ဘဏ်မှ ယခုရက်ပိုင်းအတွင်း ငွေစက္ကူအသစ် နှစ်သောင်းတန်များ ထုတ်ပေးခဲ့ကြောင်း၊ ထုတ်ယူငွေကြေး၏ ၁၀ ရာခိုင်နှုန်းကို နှစ်သောင်းတန်များ ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဒီရက်ပိုင်းမှာ ငွေစုဘဏ်ခွဲ ၃ ကနေ သိန်း ၂၀ သွားထုတ်တာမှာ။ ၂ သိန်းကို နှစ်သောင်းတန် ၁၀ ရွက်ထုတ်ပေးပါတယ်။ ကျန်တဲ့ ၁၈ သိန်းကတော့ ၁ သောင်းတန်ငွေစက္ကူအသစ်တွေပါ” ဟု မြန်မာ့စီးပွားဘဏ်ခွဲ ၃ တွင် ငွေစုသူ ပြည်သူတစ်ဦးက ပြောဆိုသည်။
UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားကလည်း စစ်ကောင်စီအနေဖြင့် ငွေစက္ကူအသစ် နှစ်သောင်းတန်များကို နည်းလမ်းအမျိုးမျိုးဖြင့် တဖြည်းဖြည်း ဖြန့်ဝေနေသည့်ပုံစံရှိသည်ဟု ပြောဆိုသည်။
“ကျနော်တို့သိရသလောက်တော့ ဝန်ကြီးဌာန တင်ဒါတွေကို ငွေပြန်ထုတ်ပေးတာမှာ ငွေစက္ကူအသစ် နှစ်သောင်းတန်တွေ ပေးတာရှိတယ်။
နောက်ပြီး အစိုးရဘဏ်တွေကနေ ငွေထုတ်တာမှာ ရာခိုင်နှုန်းတစ်ခုကို နှစ်သောင်းတန်တွေ ညှပ်ပေးတာရှိတယ်။ ပုဂ္ဂလိဘကဘဏ်တွေကနေတော့ အလုံးအရင်းနဲ့ ထုတ်ပေးတာမျိုးတော့ မတွေ့ရဘူး။ တအိအိနဲ့ဖြန့်ခဲ့တော့ ၁ နှစ်ပြည့်လာချိန်မှာ အခုလို နှစ်သောင်းတန်တွေ လူထုအကြားမှာ အများကြီး မြင်လာရတာ။ ရည်ရွယ်ချက်ရှိရှိ တဖြည်းဖြည်းပဲ ဖြန့်တဲ့သဘောလို့ပြောရမယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ ဝန်ထမ်းနှင့် အငြိမ်းစား ဝန်ထမ်း ၁ သန်းခွဲကျော်ကို လစဉ် ငွေကျပ် ၃ သောင်း တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားရာ နှစ်သောင်းတန်ငွေစက္ကူများ ပိုမို သုံးစွဲလာဖွယ်ရှိသည်ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ယခုရက်ပိုင်း ပြည်သူများအကြား လည်ပတ် ပြန့်နှံ့လာသော နှစ်သောင်းတန်ငွေစက္ကူအသစ်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *