မြင်းခြံဓာတ်အားပေးစက်ရုံ ရပ်သွားလို့ ရန်ကုန်မှာ လျှပ်စစ်မီး ပိုပြတ်မယ်လို့ YESC ထုတ်ပြန်
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုမိုဖြစ်ပွားမယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ဒီကနေ့ ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးနေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီကျော်မှာ အရေးပေါ်ရပ်တန့်သွားတယ်လို့ YESC က ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။
အဲဒီဓာတ်အားပေးစက်များက ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းမှာမလို့ ရန်ကုန်မှာ ပုံမှန်သုံးစွဲနေတဲ့ ဝန်အားထက် လျှော့ချပေးရတာတွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိလာဦးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှစတင်ပြီး ရန်ကုန်မြို့မှာ မိုးပါးသွားပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“မီးက မိုးသိပ်မရွာတော့တာနဲ့ အရင်လိုပြန်ဖြစ်လာပြီလေ။ မနက်ကလည်း ၉ နာရီလာရမှာကို အစောကြီးထဲကပြတ်နေတယ်။ ဖုန်းဆက်မေးလိုက်ရင်လည်း အပြစ်ဖြစ်လို့၊ ဝန်အားလျှော့လို့နဲ့။ လာချိန်ကျလည်း ခဏလေးလာပြီး၊ ပြတ်တာပဲ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် တစ်နှစ်ပြီးတစ်နှစ် ဆိုးရွားလာတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဟာလည်း လေးကြိမ်မြောက်မိုးတွင်းကာလအတွင်း အဆိုးရွားဆုံးအခြေအနေနဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရတာပါ။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ လျှပ်စစ်မီးကို အုပ်စု A/B ခွဲကာ မနက် ၈ နာရီမှ နေ့လယ် ၁ နာရီအထိ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိဆိုပြီး အလှည့်ကျ မီးပေးနေပါတယ်။
ကိုထက်
ဓာတ်ပုံ – လူမှုကွန်ရက်
crd